ထင်ရှားသောဆရာတော်ကြီးများ

သေက္ချတောင်ဆရာတော် ဦးတိလောက

မြန်မာနိုင်ငံ အထက်အောက် ထင်ရှားကျော်ကြားတော်မူသော ဆရာတော်ကြီး တစ်ပါးဖြစ်သည်။ ပိဋိကတ်ကျမ်းဂန်အရာတို့၌ တဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သည်။ မောင်းထောင်ဆရာတော် ၊ ဆရာတော်ဦးဇဝန ၊လယ်တီဆရာတော်တို့မှာ ဆရာတော်ဦးတိလောက၏ ဆရာအရှင်များပင်ဖြစ်သည်။ ဦးတိလောကသည် ဆရာအရှင်များထံမှ ဖယ်ခွါ၍ ကျိုက်ထိုမြို့ သေက္ချတောင်တွင် လာရောက်သီတင်းသုံးခဲ့သည်။ မြန်မာပြည်အထက်ပိုင်း အောက်ပိုင်းရှိ ရဟန်းရှင်လူခပ်သိမ်းသူတို့ အသိအလိမ္မာ ဉာဏ်ပညာရစေခြင်းငှာ မိမိကိုယ်ကိုဆင်းရဲ ပင်ပန်းခြင်းအတွက် မငဲ့ကွက်ဘဲ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာတရားတို့ကို အကျဉ်းအားဖြင့်လည်းကောင်း၊ အကျယ်အားဖြင့်လည်းကောင်း ဟောတော်မူခြင်း၊ တရားကျမ်းဂန်အရာတို့၌ မရှင်းသည်များကို ဖြေရှင်းပေးခြင်း ၊ သမထ၊ ဝိပဿနာတရားများကို ထူထောင်၍ အားထုတ်စေခြင်း၊ စာပေကျမ်းဂန်များပို့ချခြင်း တို့ကြောင့် ထင်ရှားကျော်ကြား၏၊ ထို့ပြင် ဦးတိလောကသည် ကျမ်းကြီးကျမ်းငယ်တို့ကို ပြုစုရေးသားတော်မူခဲ့သည်။ ရှေ့ဖျားပထမ နေက္ခမမည် ဒီပနီတည့် အမည်သာယာ လွန်ကျေငြာ၍ ဘာဝနာလမ်း နိဗ္ဗာန်နန်းကို ဖြောင့်တန်းညွှန်ပြ ပဏ္ဍိတဟု နာမမသွေ ဝေဒနိယ ကျမ်းတဝနှင့် သောဠဿမည် ဒီပနီကျဉ်းကျယ် ကျမ်းနှစ်သွယ်တည့် ဆိုဘွယ်တဝ ဓမ္မရာသီ ထို့နောက်မှီသော် ဂမ္ဘီအတိ နက်နဲဘိသည် အဘိဓမ္မတ္တ သရူပတည့် ပဒလိင်ဝုဒ် မတိမ်မြုပ်၍ ဖော်ထုတ်စုံစိ နိရုတ္တိနှင့်တပည့်များစွာ ကျင့်စရာလျင် သညာချိုမြ အရိယဟု မဂ္ဂတလီ ဒီပနီ ပါသညာသမုဒ် မိန့်ဖော်ထုတ်သည် စတုဗ္ဗိဓဗျာကရဏတည့် ဘုရားအနေကဇာတင် ထို့ပြင်တသွယ် အန္တရာယ်ကင်း ဝပ်စင်းတုတ်လျိုး ဘုရားရှိခိုး နှင့် အကျိုးများစွာ သုမေဓါသုမိတ္တဗျာကရဏာနှင့် တဝတဖြာ ရာဟုလာမယ်တော် မယ်ယသော် လျင်ထုတ်ဖော်ရွှင်လန်း ဆုတောင်းခန်းတည်။ စသည့်ကျမ်းကြီးကျမ်းငယ်(၁၄)ခုကို စီရင်ရေးသားပြုစုခဲ့ကြောင်း မော်ကွန်းလက္ခဏာဖြင့် မှတ်တမ်းတင်ခဲ့ပါသည်။ ဆရာတော်အား ပန်းချီနယ်ခေါ် သန္တိရွာ၌ ၁၂၃၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၉)ရက်၊ စနေနေ့ည(၃)နာရီတွင် ဖွားမြင်၍ ကျိုက်ထိုတောရကျောင်း၌ ၁၂၉၃ ခုနှစ်၊ ဝါခေါင်လဆုတ် (၁၃)ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ ဓမ္မစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်တွင် သေက္ချတောင်ဆရာတော်အား စာရင်းထည့်သွင်းထားသည်ကို တွေ့ရလေသည်။

ဘုန်းတော်ကြီးဦးသီလ

ပဲခူးမြို့ အပိုင်ဘုရားကလေးရွာ၌ ၁၁၉၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ရဟန်းဝါ (၁၅)ဝါအရတွင် ဧကစာရီတောရပ်မှီ၍ လှည့်လည်သီတင်းသုံးခဲ့ရာ သထုံ၊မော်လမြိုင်နယ်များထိ ရောက်ရှိခဲ့လေသည်။ သီလဆောက်တည် တရားကျင့်ရာတွင် ထင်ရှားခဲ့သည်။ ကျိုက်ထိုမြို့နယ်တွင် ဝင်းပတောရွာ၊ ခရွဲတောင်ပေါ်တောရ မိုးဘော၊ မောင်းတော၊ တကေး၊ အာဘောကုန်း၊ ကျိုက္ကသာ ကော့စံတောရကျောင်း၊ ငှက်ပျောတောရွာ (၁၂၅၀ခုနှစ်) တောင်ကလေးသစ်ယားတောင်။ (၁၂၅၇ခုနှစ်) ဆိပ်ဖူးတောင်တွင် (၅)နှစ်ကြာသီတင်းသုံးခဲ့သည်။ ၁၂၆၉ ခုနှစ် ကဆုန်လဆုတ်(၄)ရက်နေ့တွင် ဇလွန်မြို့ ၌ ပျံလွန်တော်မူခဲ့သည်။ တောနေတောရိုင်းတိရစ္ဆာန်များဖြစ်သော ကျား၊ ကျားသစ်၊ ဝက်ဝံများနှင့်အတူ နေထိုင်နိုင်ခဲ့သည်အထိ မေတ္တာဓါတ်ကြီးမားကြောင်းသိရ၍ သာသနာ၌ အလွန်ထင်ရှားခဲ့သည့် ရဟန္တာဟု ကျော်ကြားယုံကြည်ကြသည်။

ဂဝံပတိ ရဟန္တာမထေရ်

မဟာသက္ကရာဇ်(၈၉)ခုနှစ်တွင် နဂါးဥမှဖွားမြင်လာကြသော သူရိယကုမာရမင်းသားနှင့် စန္ဒကုမာရမင်းသား(၂)ပါးတို့အနက် ညီတော်သီဟရသေ့၏ သားငယ်စန္ဒကုမာရမင်းသားသည် (၁၀)နှစ်သားအရွယ် မဟာသက္ကရာဇ်(၉၉)ခုနှစ်တွင် ကျောက်ရောဂါဖြင့် အနိစ္စရောက်လေ၏။ တဖန်မိတ္ထီလာပြည်ကြီးတွင် အတုလသူဌေး၏ သမီးသုမနဒေဝီဝမ်း၌ သန္ဓေစွဲကပ်ကာ မွေးဖွား၍ ရှေးဘဝကို သိနိုင်သော ဇာတိဿရဉာဏ်ကိုရသဖြင့် ငယ်ရွယ်စဉ်အခါကပင် ယခင်ဘဝဟောင်းအကြောင်း သတိရလျက် လွမ်းဆွတ်ခြင်း ဖြစ်လေသည်။ မဟာသက္ကရာဇ် ၁၀၈ ဗုဒ္ဓရှင်တော်မြတ် (၅)ဝါမြောက်တွင် မဇ္ဇျိမတိုက်တွင် နိဗ္ဗာန်တရားတော်များ လှည့်လည်ဟောကြားရာ ဖခင်သူဌေး ကြီးသည် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား မိမိအိမ်သို့ပင့်ဖိတ်၍ ဆွမ်းဆက်ကပ် လှူဒါန်းလေသည်။ ဆွမ်းဘုန်းပေးပြီး အနုမောဒနာ တရားဟောကြား ဆုံးမတော်မူလေသည်။ သတို့သားငယ်သည် မိဘများနှင့်အတူ မြတ်စွာဘုရားတရားတော်ကို ကြားနာရ၍ သောတာပန်တည်လေ၏။ ထို့နောက် မိဘများထံခွင့်ပန်၍ မြတ်စွာဘုရားထံ၌ ရှင်သာမဏေပြု တရားအားထုတ်ရာ မကြာမှီပင် အထက်မဂ် အထက်ဖိုလ်ဆိုက်၍ ရဟန္တာဖြစ်သဖြင့် ဂဝံပတိမထေရ်ဟု ကျော်ဇောထင်ရှားလေသည်။ ယခုအခါ ရဟန္တာသိမ်တော်ကြီးတွင် ဂဝံပတိမထေရ် ၏ရုပ်ဝတ္ထုကို တည်ထားကိုးကွယ်လျှက်ရှိပါသည်။