နတ်ကွန်းနတ်နန်းများ

တောင်ပိုင်ဘိုးဘိုးကြီး (ခ) မဟာဣသိန္ဒေဝ နတ်မင်းကြီး
ကျိုက်ထီးရိုးစေတီတည်ပြီးနောက် သိကြားမင်းက စေတီတော်နှင့် တောင်တစ်ဝိုက်ကို စောင့်ရှောက်ရန် နတ်မင်းကြီးတစ်ပါးကို တာဝန်ပေးခဲ့လေသည်ဟုဆိုသည် ထိုနတ်မင်းကြီးကို မဟာဣသိန္ဒေဝနတ်မင်းကြီးဟု ခေါ်ဆိုကြသည်။ ယခင်ဂေါပကအဖွဲ့လူကြီးများက ထိုအကြောင်း ကို နောင် လာနောက်သားများ သိစေရန် ကြေးဖြင့်သွန်း၍ နတ်ကွန်းနှင့်အတူ စေတီတော်အနီး နတ်တောင်နေရာတွင် ထားရှိပြီး၊ အချို့က ဘိုးဘိုးကြီးဟုလည်း ခေါ်ဝေါ်ကြသည်။ တန်ခိုးက္ကိဒ္ဓိပါတ် အလွန်ကြီး၍ လိုရာကိစ္စပြီးနိုင်သောကြောင့် ယုံကြည်ကိုးစားသူများကြသည်ဟုဆို၏။ အဓိ ဌာန်ကျောက်လုံးတစ်လုံးလည်းရှိသည်။

ရွှေနန်းကျင်
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သမိုင်းတွင် ရွှေနန်းကျင်နတ်နန်း၏ဇာတ်လမ်းသည် လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတစ်ခု အပါအဝင်ဖြစ်ပါသည်။ငပန်းတင်နှင့်ရွှေနန်းကျင် ကို တိဿရသေ့ကြီးအနေဖြင့် ပန်းတင်ကျောက်(ရှေးယခင်က အစောင့်အရှောက် များ၊ နတ်များ ရှိသည်ဟု အယူရှိသဖြင့် ပန်းများတင်လှူပူဇော်သောကျောက်တုံးကြီး)အနီးမှ ကောက်ယူမွေးဖွား ခဲ့ခြင်းဖြစ်သည်။နောင်အခါ ရသေ့ကြီးနှင့် ဆရာဒကာဖြစ်သော ဘိုးကော်လွတ်နှင့်နန်းကြာဟဲတို့ မှ တောင်းယူမွေးစားခဲ့ကြသော်လည်း သားသမီး အရင်းကဲ့သို့ ချစ်ခင်ကြလေသည်။ကျိုက်ထီးရိုး စေတီတည်သည့်သတင်း ကြားသောအခါ ဘိုးကော်လွတ်နှင့် နန်းကြာဟဲတို့ သည်လည်း သားနှင့် သမီးခေါ်လျှက် ရောက်လာလေသည်။
ဘုရင်တိဿဓမ္မသီဟရာဇာသည် ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံသော ရွှေနန်းကျင်ကို မြင်ကတည်းကပင် တိမ်းညွှတ်စိတ်ဖြင့် အကြောင်းစုံ စုံစမ်းစေခဲ့ပါသည်။
တစ်နေ့ ဘုရင်တိဿဓမ္မသီဟရာဇာသည် နောက်လိုက်နောက်ပါအစုံအလင်ဖြင့် တော ကစားထွက်ရာ မဲသန ရွာသို့ ရောက်ရှိရာ ရွာဦးရှိ တောင်ယာတဲတစ်ခုတွင် ရွှေနန်းကျင်ကိုတွေ့ ရာ ဘိုးကော်လွတ်နှင့်နန်းကြာဟဲတို့ထံ ခွင့်တောင်း၍ ကာမပိုင်လင်ယောက်ကျားမရှိသေးကြောင်း ကြားသိရသောအခါ မိန်းမကောင်းမိန်းမမြတ်ပင်ဖြစ်ချေသည်တကားဟု အားရဝမ်းသာ လွန်စွာတိမ်းညွှတ်သော စိတ်ရှိတော်မူသဖြင့် သုဝဏ္ဏဘူမိသို့ မိဖုရားအရာတင်မြှောက်ရန် ဆောင် ယူလျှက် ကျိုက်ထီးရိုးရှိ အဘိုး၏အရိုးအိုးစေတီများအား ကန်တော့လျက် သုဝဏ္ဏဘူမိသို့ လိုက် ပါခဲ့ရပေသည်။
ဘုရင်တိဿဓမ္မသီဟရာဇာမှ ရွှေနန်းကျင်အား သုဝဏ္ဏဘူမိသို့ ခေါ်ဆောင်လာရာတွင် ကရင်လူမျိုးတို့ ရိုးရာထုံးစံအတိုင်း ဟုန်းနတ်ဘိုးဘိုးကြီးအား ပူဇော်ပသခဲ့ခြင်းမရှိသည့်အတွက် ဟုန်းနတ်ဘိုးဘိုးကြီးအနေဖြင့် ရွှေနန်းကျင်အပေါ် အမျက်ကြီးစွာ ထားခဲ့လေသည်။ မိဖုရားကြီး ရွှေနန်းကျင်မှာ ကျန်းမာရေးမကောင်းသည့်အတွက် ကရင်လူမျိုးများ ခေါ်ယူမေးမြန်းကုသစေရာ အကြောင်းစုံသိရ၍ ရိုးရာပူဇော်ခြင်းပြုရန် အရပ်သားသဏ္ဍာန်ဖြင့် ဘိုးကော်လွတ်နှင့်နန်းကြာဟဲ၊ ငပန်းတို့နှင့် စေလွှတ်ခဲ့လေသည်။
ရွှေနန်းကျင်သားအဖတစ်စုတို့ စခန်းလေးမှ တက်လာသောအခါ ၎င်း၏ပိုင်နက် ရောက်သည်တွင် ဟုန်းနတ်ဘိုးဘိုးကြီးသည် နတ်ကျားကိုလွတ်၍ ကိုက်စေလျင် ရွှေနန်းကျင် မိသားစုလည်း ကျိုက်ထီးရိုးလမ်းအတိုင်း ပင်ပန်းကြီးစွာ စွမ်းအားရှိသမျှပြေးခဲ့ရလေသည်။ ခရီးအတော်ပေါက်၍ နောက်ပြန်ကြည့်ရာ ကျားမှာ ဘုရားတန်ခိုးကြောင့် လိုက်ပါခြင်းမရှိတော့သော် လည်း ကျောက်သမ္ဗာန်တောင်ထိပ် တောင်တက်လမ်းဘေး၌ နဂိုကမကျန်းမာသည်ကတစ် ကြောင်း၊ ငယ်ရွယ်စဉ်ကပင် ပင်ပန်းကြီးစွာ သွားလာဖူးခြင်းမရှိသည် မိန်းမသားဖြစ်သည်က တစ်ကြောင်း၊ ကိုယ်ဝန်ကို လွယ်ထားရသည်က တစ်ကြောင်းတို့ကြောင့် အမောဆို့ကာ လဲလေသည်။ မိမိစုတေကွယ်လွန်ရတော့မည်ကို သိသဖြင့်- '' ငါ၏အလောင်းသည်ဤနေရာအရပ်မှ ရွှေ့ပြောင်း ယူဆောင်၍ မရနိုင်ကြပါစေနှင့် '' ဟူ၍လည်းကောင်း၊ '' ကျောက်ရုပ်ဖြစ်၍ သေပါစေသား'' ဟူ၍ လည်းကောင်း၊ အဓိဌာန်ပြု၍ စုတေကွယ်လွန်ခဲ့လေသည်။
ယခုအခါ ဤနေရာတွင် ဘုရားဖက်သို့ ဦးခေါင်းပြုလျှက် ရွှေနန်းကျင်ကျောက်ရုပ် တည်ရှိသဖြင့် ရွှေနန်းကျင်နတ်နန်း ဟု အမည်တွင်၍ ထိန်းသိမ်းထားရှိပါသည်။

ဘိုးဘိုးနီနတ်နန်း
ဘိုးဘိုးနီနတ်ကွန်းစေတီတော်မှ မုဆိုးတောင်သို့ဆင်းသည့် လမ်းတွင်ဘိုးဘိုးနီနတ်ကွန်းရှိ သည်။ ကျိုက်ထီးရိုးစေတီတွင် နှစ်ပေါင်းများစွာ ဝေယျာဝစ္စပြုလုပ်နေသော ဦးဘိုးနီဆိုသူ ကွယ်လွန်ရာမှ နတ်ဖြစ်နေသည်ဟုဆိုပါသည်။ထို့ကြောင့် နတ်ကွန်းဆောက်လုပ်၍ ကိုးကွယ်ထားကြောင်းဆိုပါသည်။

မဟာရက္ခိန္ဒေဝဘိုးဘိုးကြီး
ကျိုက်ထီးရိုးစေတီတည်ရှိရာ တောတောင်နယ်နိမိတ်တစ်ဝိုက်အား စောင့်ရှောက်နေသော နတ်မင်းကြီးများရှိပါသည်။ ကျိုက်ထီးရိုးစေတီတော် တည်ထားရာ ကင်မွန်းစခန်းတောင်ခြေတစ်ဝိုက်အား စောင့်ရှောက်နေသောနတ်မင်းကြီး မဟာရက္ခိန္ဒနတ်မင်းကြီးဖြစ်သည်ဟု ဆိုရိုးရှိကြပေသည်။

ကျားဆွဲဘိုးဘိုးကြီး
ကျားဆွဲဘိုးဘိုးကြီးသည် စေတီတော်တက်ရောက်ရာ ခြေလျင်လမ်းမိုင်(၂.၂)တွင် တည်ရှိပါသည်။ ဘိုးဘိုးကြီးသည် ဘုရားဖူးလာသူများ အရက်သောက်စားခြင်း။ ရုန့်ရင်းကြမ်းတမ်းသည့်စကားများပြောဆိုခြင်းကို မနှစ်သက်သည့် နတ်မင်းကြီးဖြစ်ပြီး ဘုရားဖူးများအား ဘေးအန္တရာယ်ကင်းဝေးစေရန် စောင့်ရှောက်သည့် နတ်မင်းကြီးဟု ယုံကြည်ကြသည်။

ရေမြောင်ကြီးဘိုးဘိုးကြီး
စေတီတော်တက်ရောက်ရာ ခြေလျင်လမ်းရှိ စခန်းအသီးသီးအနက် ကင်မွန်းစခန်း တောင် ခြေမှစတင်တက်ရောက်ရာ ခရီးတစ်ထောက်ဖြစ်သည့် မိုင်(၂)မိုင်(၆) ဖါလုံအရောက်တွင်ရေမြောင်ကြီးသို့ ခရီးတစ်ထောက်အရောက်တွင် ဘုရားဖူများဘုရားသို့ ခရီးဆက်ကြရာတွင် ဘေးအန္တရာယ် ကင်း ရှင်းစေရန်အတွက် ရေမြောင်ကြီးဘိုးဘိုးကြီးကစောင့်ရှောက်ပေးသည်ဟု ယုံကြည်ကြသဖြင့် ရှေးခေတ် အဆက်ဆက်က နတ်ကွန်းတည်ဆောက် ဆုတောင်းကြခြင်းဖြစ်ပါသည်။