စေတီတော် တည်နေရာ နှင့် မြေမျက်နှာသွင်ပြင်

ကျိုက်ထီးရိုးစေတီတော်တည်နေရာ

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် မြန်မာပြည်၊ မွန်ပြည်နယ်အဝင်ဝ၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းတွင် တည်ရှိပါသည်။

ပင်လယ်ပြင်မှ အမြင့် ၃၆၁၅ပေရှိ ပေါင်းလောင်းတောင်ထိပ်တွင် တည်ရှိပါသည်။

စေတီတော်
တည်နေရာပြမြေပုံ

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည် ကျိုက်ထိုမြို့မှ (၁၈)မိုင်အကွာအဝေး မြောက်လတ္တီကျူ ၁၇ဒီဂရီ ၂၉မိနစ်၊ အရှေ့လောင်ဂျီကျူ ၉၇ ဒီဂရီ  ၆ မိနစ် အတွင်း တည်ရှိပါသည်။

ကျိုက်ထီးရိုးဘုရားအဓိပ္ပါယ်

 

” ကျိုက်ဣသိယို ”

ကျိုက် = ဘုရား၊ ဣသိ = ရသေ့၊ ယို = ရွက်သည်။

ရသေ့ဦးခေါင်းဖြင့်ရွက်သောဘုရားဟု အဓိပ္ပါယ်ရပါသည်။

စေတီတော်မြေမျက်နှာသွင်ပြင်

       ကင်မွန်းစခန်းမှ ရင်ပြင်တော်အရောက် ခြေလျင်လမ်းပိုင်းတွင် ၇မိုင်၄ဖါလုံခရီးကို တောင်ပေါင်း(၃၇)လုံး၊ စခန်းပေါင်း(၃၃)ခုကို ဖြတ်၍ တက်ရမည်ဖြစ်ပါသည်။ သာမန်အားဖြင့် ၇ နာရီခန့် တက်ရောက်ရပြီး၊ လူငယ်များဖြစ်ပါက ၄နာရီခန့် ကြာမြင့်ပါသည်။

          ကားလမ်းမှတက်မည်ဆိုပါက ကင်မွန်းစခန်းတောင်တက်ကားဂိတ်မှ တောင်တက်ကားများဖြင့် တက်ရောက်နိုင်ပြီး၊ စခန်း(၁၀)ခု၊ တံတား(၁၄)ခုတို့ကို ဖြတ်သန်းလျှက် အချိန်၁နာရီအတွင်း ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

           ကျိုက်ထီးရိုးရင်ပြင်တော်သည် အကျယ်အဝန်းအားဖြင့် ၈.၉၅ဧက သာရှိပါသည်။

       ကင်မွန်းစခန်းမှ (၁၀)မိနစ်စခန်းအထိ နိုင်လွန်ကတ္တရာခင်းလမ်းဖြစ်ပြီး၊ (၂)လမ်းမောင်း စနစ်ဖြစ်ပါသည်။ (၁၀)မိနစ်စခန်းမှ ရင်ပြင်တော်အထိလမ်းကို ကွန်ကရစ်လမ်းဖြင့် စီမံဖေါက်လုပ်ထားပြီး၊ (၁)လမ်းမောင်းစနစ်ဖြစ်၍ အတက်အဆင်းကားများကို စောင့်ဆိုင်းရပါသည်။

        တောင်တက် တောင်ဆင်းလမ်းများ ဖြစ်သည့်အတွက် ယာဉ်ကြံ့ခိုင်မှုရှိစေရန်အတွက် နှစ်စဉ် ဘုရားပွဲတော် မဖွင့်မီ (၂)ပတ်ခန့် အလိုတွင် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပြည်နယ်ကညနဌာနမှ ယာဉ်ကြံ့ခိုင်မှုအား စစ်ဆေးပြီး၊ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသော တောင်တက်ယာဉ်များကိုသာ တက်ရောက်ခွင့်ပြုပါသည်။